အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း ကလေးငယ်ရဲ့ ညစ်ညမ်းဓါတ်ပုံ တွေ့ရှိမှုကြောင့် Google က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖမ်းဆီး

အမျိုးသားတစ်ဦးရဲ့ e-mail အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်ရဲ့ ညစ်ညမ်းဓာတ်ပုံ တွေ့ရှိမှုကြောင့်...

ပရိသတ်ကို ပေးဆပ်တာပဲများပြီး ရယူလိုတာ ဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က...

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်

ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့...

ချစ်သူ တစ်ယောက်တည်းထားပေမယ့် ခံစားချက်ကတော့မျိုးစုံပဲလို့ပြောပြလာတဲ့ Bobby Soxer ရဲ့ တစ်ကိုယ်တော်အခွေနဲ့ အချစ်အကြောင်း

ဒုံးပျံအခွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်ဟာ ခုတစ်ခါတော့...

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန်ထက်မြတ်ဟု လေ့လာချက်ကဆို

အမျိုးသမီးတွေဟာ လေ့လာသင်ယူရာမှာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် တတ်မြောက်ကြတယ်လို့ လေ့လာချက် အသစ်တစ်ခုအရ...

Thursday, August 27, 2015

စိတ်နဲ့ ထိန်းချုပ်နိုင်မည့် စက်ရုပ် စစ်တပ်တွေ လာတော့မည်လော

          ထိန်းချုပ် တုတ်တံတွေ၊ စက်ရုပ်ကြွက်သားတွေ မေ့လိုက်။ အနာဂတ် စက်ရုပ် စစ်တပ်တွေကို လူသားက စိတ်နဲ့ထိန်းချုပ်ပြီး စစ်တိုက်ခိုင်းလို့ ရတော့မည်။
          တရုတ် စစ်သင်တန်းကျောင်းသည် သင်တန်းသားတွေ ဦးနှောက် လှုပ်ရှားပုံကို ထောက်လှမ်း အဓိပ္ပာယ်ဖွင့်ကာ စိတ်က ညွှန်သည့်အတိုင်း စက်ရုပ်များကို အမိန့်ပေး ခိုင်းစေနိုင်မည့် ဦးခေါင်းစွပ် တစ်မျိုးကို စမ်းသပ်နေသည်။
            ကျန်ကျိုးမြို့ရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်း နည်းပညာ အင်ဂျင်နီယာ တက္ကသိုလ်တွင် လက်တွေ့ သရုပ်ပြမှုအရ သင်တန်းသားများ၏ စိတ်ညွှန်ကြားချက်ကို အဓိပ္ပာယ်ဖော်ကာ စက်ရုပ်များကို ဆက်သွယ် ညွှန်ကြားနိုင်သည့် ဦးခေါင်းစွပ်ကို ပြသခဲ့သည်။ သင်တန်းသားများသည် စက်ရုပ်ကို စိတ်ဖြင့်ပင် ဗယ်ညာရှေ့နောက် လိုသလို လှည့်ခိုင်းနိုင်ကြောင်း တွေ့ရသည်။
          စက်ရုပ်ခေါင်းကို မော့လာအောင်၊ မြေပြင်ပေါ်က ပစ္စည်းကို ကုန်းကောက်အောင်လည်း စိတ်ဖြင့်ပင် ညွှန်ကြားနိုင်ကြောင်း တွေ့ရသည်။  ဦးခေါင်းစွပ်ထဲတွင် ဦးနှောက်တွင်း လှုပ်ရှားမှု လျှပ်စစ်သံ လိုက်လှိုင်းလေးများကို  အာရုံခံ အဓိပ္ပာယ် ဖော်နိုင်သည့် လျှပ်စစ်ငုတ်များ ထည့်သွင်းထားသည်။
          မည်သည့် ဦးနှောက်လှိုင်း လှုပ်ရှားမှုက မည်သည့် ခိုင်းစေချက်ဖြစ်ကြောင်း ကွန်ပျုတာ ပရိုဂရမ် ရေးဆွဲထားခြင်းဖြင့်  သက်ဆိုင်ရာ ဦးနှောက်လှိုင်း လှုပ်ရှားမှုကို ထောက်လှမ်းမိသည်နှင့် ဦးထုပ်သည် စက်ရုပ်ထံ သက်ဆိုင်ရာ ညွှန်ကြားချက် လှမ်းပေးပို့မည်။
          စစ်တက္ကသိုလ်၏ ဦးနှောက်နှင့် စက်ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ သုတေသန ဌာနတွင် ထိုနည်းပညာကို စမ်းသပ်လျက် ရှိသည်။
          ထိုနည်းပညာသည် စက်ရုပ် နည်းပညာသုံး အိမ်တွင်း အသုံးအဆောင်များကို စိတ်ဖြင့် ထိန်းချုပ် အသုံးပြုနိုင်ခြင်းမှသည် စစ်ဘက်ဆိုင်ရာ စက်ရုပ်များကိုပါ စိတ်နဲ့ ထိန်းချုပ် ခိုင်းစေနိုင်မည့် အခြေအနေမျိုး ရှိနေသည်။
Source: Daily Mail

(၆) မိနစ် အတွင်း စမတ်ဖုန်း အားအပြည့် သွင်းပေးမည့် ဘက်ထရီ



          အရေးကြီးပြီ ဆိုလျှင် ဖုန်းအားကုန်ပြီ။ အပြင်ထပ်ထွက်ဖို့ အချိန်ကလည်း နီးနေပြီ။ ဖုန်းကလည်း မြန်မြန်အား မပြည့်နိုင်။ အပို ဘက်ထရီ အားသွင်းတုံး ကလည်း ပါမလာဆိုသည့် အခါမျိုးတွင် ဖုန်းကိုင်ရတာ စိတ်ဒုက္ခတစ်မျိုး ဖြစ်သည်။

          ထိုဒုက္ခများကို ဖြေဆည်ရာ ရှာပေးမည့် ကိရိယာလေးတော့ ပေါ်နေပြီ။ အတွင်းပိုင်းမှာ အလူမီနီယံတွေ ဖြည့်ထားသည့် ဘက်ထရီ နည်းပညာသစ်သည် စမတ်ဖုန်းကို ခြောက်မိနစ် အတွင်း အားအပြည့် သွင်းပေးနိုင်သည်။ အလူမီနီယံဖြင့် လုပ်ထားသော ဘက်ထရီသည် ရွယ်တူ လီသီယံ အိုင်းယွန်း ဘက်ထရီ ထက်ဓာတ်အား လေးဆပို သိုလှောင်နိုင်သည်။ ဓာတ်ပြိုကွဲကာ ဘက်ထရီ အရည်အသွေး ကျဆင်းနှုန်းလည်း လေးဆ နည်းသည်။

          ဘက်ထရီသည် အတွင်းဆုံးလွှာတွင် အလူမီနီယံကို သုံးထားပြီး ထိုအလွှာကို အပေါ်ကနေ တိုင်တေနီယမ်ဒိုင် အောက်ဆိုက်ဒ်လွှာ ထပ်အုပ်ထားသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ပန်းသီးလုံးကဲ့သို့ တည်ဆောက်ပုံမျိုး ဖြစ်သည်။ မက်ဆာချုးဆက် နည်းပညာ တက္ကသိုလ်မှ ဒြပ်ပေါင်းများဆိုင်ရာ က၊ွမ်းကျင်သူ ပါမောက္ခ ဂျူလီနှင့် အဖွဲ့က ဘက်ထရီသစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

           ဖန်တီးမှု အသေးစိတ်ကို Nature Communications ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ဘက်ထရီသစ်သည် ပုံမှန် စမတ်ဖုန်း တစ်လုံးကို ခြောက်မိနစ်နဲ့ အားအပြည့်သွင်း ပေးနိုင်စွမ်း ရှိကြောင်း ပါမောက္ခဂျူလီက ဆိုသည်။

          အမြောက်အမြား ထုတ်လုပ်ကာ ဈေးကွက်တင် ရောင်းချနိုင်အောင် အသေးစိတ် ထပ်တိုး တီထွင်မှုများ လုပ်ဖို့ ကျန်နေသေးသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Source: Daily Mail

ဟာသနဲ့ ကံစပ်တဲ့ သွန်းဆက်

       ခပ်စွာစွာ ကာရိုက်တာလေးတွေနဲ့ တွေ့ရတတ်တဲ့ သရုပ်ဆောင် သွန်းဆက်က ဒီနှစ်ထဲမှာ ပရိသတ်အတွက် ဟာသ ကားလေးတွေကို ပိုပြီး ရိုက်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
        “အရင်နှစ်တုန်းက ဟာသဇာတ်ကားတွေ နည်းတယ်ပေါ့နော်။ မာနကြီးတဲ့ ကာရိုက်တာတို့၊ နောက်တော့ ကားရိုက် များလာတယ်။ အဲဒါက ပရိသတ်က ညီမကို ဟာသ ဇာတ်လမ်းလေးတွေ တောင်းဆိုလာတဲ့ အတွက်ကြောင့် ဟာသ ဇာတ်လမ်းလေးတွေကို အဓိက ရိုက်ဖြစ်သွားပါတယ်။ နောက်ပြီး ပရိသတ်တွေက ဝေဖန်ပေးကြတယ်။ ဒီကားလေးတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဒါကြောင့် ညီမအများကြီး ပီတိဖြစ်ရတယ်။ အခုညီမကို ဝေဖန်ပေးတဲ့ ပရိသတ်ကြီးရဲ့ ဝေဖန်မှုလေးတွေကိုလည်း အလေးထားပြီး ပြင်ဆင်သွားမှာပါ”လို့ ပြောသွားခဲ့ပါတယ်။
      လက်ရှိမှာတော့ “ဒုတိယမြောက်နံရိုး”ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရေဘေး အတွက်လည်း ပရဟိတ အလုပ်တွေကို လုပ်ဖြစ်တယ်လို့ ပြောပါတယ်။

စေတနာ အပျော်လေးပေးမယ့် ဒိန်းဒေါင်

       ပရိသတ်ကို ပျော်ရွှင်စေချင်တယ် ဆိုတဲ့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က သူ့အနေနဲ့ ဟာသတွေ လုပ်ရတာကို အင်မတန် နှစ်သက်တဲ့အတွက် ရယ်စရာတွေပဲ အမြဲတင်ဆက်မယ်လို့ ဆိုခဲ့ပါတယ်။
      “ကျွန်တော့်ရဲ့ နဂိုဗီဇက  ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ကြောင့် ပျော်ရွှင်ပြီး ရယ်ပြုံးနေတာ မြင်ချင်တယ်။ ကျွန်တော် လူရွှင်တော် ဖြစ်လာခဲ့တယ်။ သရုပ်ဆောင်ပိုင်းမှာဆိုလည်း ဒရာမာကားတွေကို မရိုက်ဖြစ်ဘူး။ အကယ်၍ ရိုက်ဖြစ်တယ်ဆိုလည်း အစပိုင်းမှာ ဟာသအခန်းတွေ အများကြီးရိုက်ပြီး နောက်ဆုံး ဒရာမာချိုးတဲ့ ဇာတ်ကားတွေကိုပဲ ရိုက်ချင်တယ်၊။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို ပျော်စေချင်သလို ပရိသတ်ကိုလည်း ပျော်စေချင်တဲ့ ကျွန်တော့် စေတနာကြောင့်ပါ”လို့ ပြောပြခဲ့ပါတယ်။
      လတ်တလောမှာတော့ ရေဘေးအတွက် ပရဟိတ အလုပ်တွေ လုပ်ပေးတယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒိန်းဒေါင်ဟာ လက်ရှိမှာ“ချွန်တွန်း”ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးနေတယ်လို့ သိရခဲ့ပါတယ်။

နောက်လိုက်ကောင်း ဖြစ်မယ်လို့ထင်တဲ့ ပိုင်ဖြိုးသု

       “ညီမကို ပရိသတ် တော်တော်များများက ထက်မြက်ပြီး၊ မာနကြီးတဲ့ ကောင်မလေး တစ်ယောက်လို့ မြင်ကြတယ်။ အမှန်တော့ ညီမကိုယ်တိုင်က တစ်ခုခုဆို ဦးဆောင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ညီမကိုယ် ညီမထင်တာက နောက်လိုက်ကောင်း တစ်ယောက်ပဲ ဖြစ်မယ်လို့ ထင်တယ်။ နောက်တစ်ခုက ပရိသတ်တချို့ ထင်သလို ညီမက မာနလည်း မကြီးတတ်ပါဘူး။ ဒီလို ထင်ကြတာကလည်း ညီမ မျက်နှာက တည်တည်ကြီး ဖြစ်နေတတ်တာကြောင့်လို့ ထင်တယ်။ ညီမက ဦးဆောင်သူ တစ်ယောက် မဟုတ်ရင်တောင် နောက်လိုက်ကောင်း တစ်ယောက်တော့ ဖြစ်ချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။
      ပိုင်ဖြိုးသုသည် ပရဟိတ လုပ်ငန်း တွေကိုလည်း လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်လည်း ရှိကြောင်း သိရပါတယ်။

ဖန်တီးတတ်ဖို့ လိုတယ်ပြောတဲ့ ကျော်ကျော်

      သရုပ်ဆောင် ကျော်ကျော်က အနုပညာဆိုတာ ချစ်တတ်၊ တန်ဖိုးထားတတဖို့က အဓိကဖြစ်ပြီး ရင်ထဲကနေ ဖန်တီးတတ်ဖို့ လိုကြောင်း ဆိုခဲ့ပါတယ်။
      “ကျွန်တော် ခံယူထားတဲ့ အနုပညာဆိုတာ ခံယူချက်ထက် ပြောရရင် ကျွန်တော် ၀ါသနာပါတဲ့ ဒီအနုပညာ အလုပ်ဆိုတော့ ချစ်တတ်၊ တန်ဖိုးထားတတ်ရင် သူ့အလိုလို ပရိသတ်ရင်ထဲ ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း အနုပညာ တစ်ခုတည်းကို မဆိုလိုပါဘူး။ အခြားအလုပ်တွေမှာလည်း ဒီလိုစိတ်မျိုး ထားရင် ရှိရင်းစွဲ အနေအထားထက် ပိုအောင်မြင် လာမယ်လို့ ထင်တယ်။ကိုယ့်ဝါသနာကို ချစ်တတ်မယ်ဆိုရင် အလိုလို တန်ဖိုးထားတတ်လာမှာပါ။ ဒါကြောင့် အနုပညာနဲ့ ပတ်သက်ရင် ကျွန်တော်အမြဲတမ်း တန်းတူအားစိုက် ထုတ်မှုတွေနဲ့ ပရိသတ်အတွက် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ ဆိုခဲ့ပါ တယ်။

တန်ဖိုး ထားတတ်လာတဲ့ မေပန်းချီ


       ဗီလိန် ကာရိုက်တာတွေ အရိုက်များတဲ့ သရုပ်ဆောင် မေပန်းချီက သူမရဲ့ နေရာလေးကို တဖြည်းဖြည်း တန်ဖိုးထားတတ် လာပြီလို့ ပြောပြခဲ့ပါတယ်။
      “အရင်ကတော့ ညီမကို ပရိသတ်ကရော လက်ခံရဲ့လားဆိုပြီး အတွေးတွေ ၀င်ပြီး စိတ်ညစ်ခဲ့ရတဲ့ ရက်တွေရှိတယ်။ နောက်တော့ စဉ်းစားမိတာက ဇာတ်ကားတစ်ကားမှာ ဘယ်နေရာကပဲ ပါဝင်ရ ပါဝင်ရ အရေးကြီးတာပဲလို့ တွေးမိတယ်။ နောက်ပြီးတော့ ဒါကတော့ စိတ်ပေါ့နော်၊ အနုပညာကို ၀ါသနာပါလို့ လုပ်ခဲ့တဲ့ အလုပ်ကို အကောင်းဆုံး လုပ်မယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။ ပြောရရင် အခုချိန်ထိတော့ ညီမလိုချင်တဲ့ အနေအထား တစ်ခုတော့ မရှိသေးဘူး။ ဒါပေမဲ့ ဖြည်းဖြည်းချင်းတော့ ရောက်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ နောက်ပြီး ကိုယ်ရောက်နေတဲ့ နေရာလေးကိုတော့ တန်ဖိုးထားတတ် လာပါပြီ”လို့ ပြောပြခဲ့ပါတယ်။
      လက်ရှိမှာတော့ မေပန်းချီက ရေဘေးသင့် ပြည်သူတွေအတွက် ပရဟိတ လုပ်ငန်းလေးတွေ လုပ်နေတဲ့အပြင် ဗီဒီယိုကားတွေလည်း ရိုက်နေတယ်လို့ သိရပါတယ်။

သင်မသိသေးတဲ့ ရှားစောင်း လက်ပက် အသုံးဝင်ပုံ



         ရှားစောင်း လက်ပက်ရဲ့ အရွက်ထူကြီးတွေကို ခွာလိုက်ရင် တွေ့ရတဲ့ ဂျယ်အနှစ်တွေမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အာနိသင် စွမ်းပုံက ပိုးကောင်ကိုက် ကုသတာက အစ ဆံပင်ပေါင်းတင်တာ အဆုံးပဲ ဖြစ်ပါတယ်။
၁။ မိတ်ကပ်ဖျက်လျှင်
          သင်ဟာ ဈေးလည်း သက်သာ၊ အသားအရေ အတွက်လည်း အန္တရာယ် မဖြစ်စေနိုင်တဲ့ သဘာဝ မိတ်ကပ်ဖျက်ဆေး လိုချင်ရင်တော့ ဆိုင်တွေ မှာ အလွယ်တကူ ရနိုင်တဲ့ ရှားစောင်း လက်ပက် အရည်ကိုသာသုံးပါ။ မျက်နှာကို ပြန်လည် စိုပြေစေပါတယ်။
၂။ ခြေထောက်ပေါက်လျှင်
          ခြေထောက် ပေါက်သွားတဲ့ အနာကို ရှားစောင်း လက်ပက်အနှစ်နဲ့ လိမ်းပါ။ ဒီနည်းအတိုင်း လုပ်ဆောင်လျှင် အနာနီရဲ ရောင်ရမ်းခြင်းကို လျော့ပါး သက်သာစေပါတယ်။
၃။ နေလောင်လျှင်
          အသားအရေ နေလောင်သွားလို့ စိတ်မညစ်နေပါနဲ့ ။ နေလောင်သွားတဲ့ အရေပြားပေါ်ကို ရှားစောင်း လက်ပက် အနှစ်ကို လိမ်းလိုက်ပါ။ ရှားစောင်း လက်ပက်မှာပါတဲ့ အစိုဓာတ်က လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။
၎။ အသားအရေ အစိုဓာတ်ထိန်းဖို့
          ရှားစောင်း လက်ပက်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို အစိုဓာတ် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် မျက်နှာ အသားအရေကို ပိုလို့တောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှားစောင်း လက်ပက်အနှစ်က ချွဲပျစ်ပျစ်ဖြစ် မကျန်စေပါဘူး။ အရေပြား ရောင်ရမ်းမှုကိုလည်း လျော့ကျစေတဲ့ အတွက် ၀က်ခြံနဲ့ အမာရွတ်တွေ အတွက် ဆေးကောင်း တစ်လက်ပါပဲ။
၅။ ဆံပင်ပေါင်းတင်ဖို့
          သင်ပုံမှန် သုံးနေကျ ဆံပင် ပေါင်းတင်ဆေး အစား ရှားစောင်း လက်ပက် အနှစ်အချို့ကို ယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်ကြာ ထားပြီးနောက် ရေဆေးချပါ။ သင့်ဆံကေသာ သဘာဝအတိုင်း နူးညံ့ချောမွေ့လာပါမယ်။
၆။ မုတ်ဆိတ်ရိတ်ရာတွင်
          ရှားစောင်း လက်ပက်မှာ ရေဓာတ်များစွာ ပါဝင်တာကြောင့် သာမန် မုတ်ဆိတ်ရိတ် ခရင်မ်တွေထက် ပိုပြီး သဘာဝကျကျ ကောင်းမွန်ပါ တယ်။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးလို့ မုတ်ဆိတ်ရိတ်ပြီး အရေပြားကို မခြောက်သွေ့စေတော့ပါဘူး။
၇။ ပိုးကောင် အကိုက်ခံရလျှင်
          အင်းဆက် ပိုးကောင်တွေ၊ ခြင်တွေရဲ့ အကိုက်ခံရလျှင် ရှားစောင်း လက်ပက် အနှစ်ကိုသာ လိမ်းလိုက်ပါ။ ဒါ့အပြင် ရှားစောင်း လက်ပက် က အဖုအပိန့်တွေ၊ ယားနာတွေ၊ အပူ လောင်ဒဏ်ရာတွေနဲ့ ဒဏ်ရာတခိျု့ ကို ပျောက်ကင်း စေနိုင်ပါတယ်။
Ref: www.rd.com

ကိုယ်အသက်ရူတာ ပုံစံမှန်ရဲ့လား





           အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်း လိုက်ရတာလောက် လူကို သက်သောင့် သက်သာ ရှိစေတာမျိုး နှစ်ခုမရှိ။ လူကို ထိုမျှနေထိုင် ကောင်းစေသော အမူအကျင့်လေး လုပ်ဖို့ လူတွေ မေ့နေကြသည်ဟု ဆိုလျှင် စာဖတ်သူ အံ့သြလိမ့်မည်။
          လူအများစုကြီးသည် ကိုယ်ဘယ်လို အသက်ရူနေလဲ သေချာ မစဉ်းစားကြ။ အသက်ရူခြင်းသည် သဘာဝအတိုင်း ဖြစ်နေသော ကိစ္စဟုသာ လွယ်လွယ် သဘောထားတတ်ကြသည်။ ရလဒ် အဖြစ်ကား လူသားတို့သည် မထိရောက်သော အသက်ရူနည်းဖြင့် ရှင်သန် နေကြတော့သည်။ ရူသွင်းသည့် လေကို စွမ်းအင်အဖြစ် ပြောင်းပေးနေသော အဆုတ်ကို ရာနှုန်းပြည့် အသုံးချတတ်သူ နည်းပါးလှသည်။ လူသား၏ အဆုတ်တွင်း တစ်သျူးများကို ဖြန့်ခင်းလိုက်လျှင် တင်းနစ် တစ်ကွင်းစာလောက် အကျယ်ရှိသည်။
အသက်ရူပုံမှားလျှင် ဒါတွေဖြစ်တတ်သည်။
ပုံမှန်ထက်ပိုပြီး သက်ပြင်းတွေ ချနေမိခြင်း။
          ထိုသို့ ဖြစ်နေပြီဆိုလျှင် မိမိသည် အသက်ကို မကြာမကြာအောင့် ထားတတ်ခြင်းကြောင့် ဆိုတာ သတိပြုပါ။ အသက်အောင့်ထားခြင်းကြောင့် ခန္ဓာကိုယ်သည် အောက်စီဂျင် ငတ်မွတ်လာပြီး အောက်စီဂျင်များများ ပြန်ရူသွင်းဖြစ်အောင်  အလိုလို သက်ပြင်း ချလာမိခြင်း ဖြစ်သည်။
မကြာမကြာ သမ်းဝေနေခြင်း။
          အသက်ကို အပေါ်ယံလောက်သာ ရူသည့် အကျင့်ကြောင့် ဖြစ်သည်။ အဆုတ်ထဲထိ ရောက်အောင် နက်နက်နဲနဲ အသက်ရူလေ့ ရှိသူများသည် တစ်မိနစ်ကို ငါးခေါက်မှ ရှစ်ခေါက် ၀န်းကျင်သာ အသက်ရူကြသည်။ အပေါ်ယံလောက်သာ အသက်ရူသူများမူကား ဆယ်ခေါက်မှ အခေါက် နှစ်ဆယ်ကြားထိ ရူသွင်းကြသည်။ အပေါ်ယံ အသက်ရူခြင်းသည် အဆုတ်ထဲထိ အောက်စီဂျင် ရောက်ရှိနှုန်း နည်းပါးသဖြင့် ခန္ဓာကိုယ်သည် ငတ်မွတ်လာသော အောက်စီဂျင် ရရှိအောင် မကြာမကြာ သမ်းဝေခြင်းဖြင့် အောက်စီဂျင် အများအပြားကို စုပ်ယူခြင်း ဖြစ်သည်။
ညညအိပ်ရင်း သွားကြိတ်နေခြင်း။
          စိတ်ဖိစီးခြင်း၊ အပေါ်ယံ အသက်ရူခြင်း တို့ကြောင့် ဖြစ်သည်။ စိတ်ဖိစီးသူများ၏ လက္ခဏာများထဲတွင် သွားကြိတ်ခြင်းသည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။ စိတ်ကျန်းမာရေး မကောင်းသူများ၏ (၄၀) ရာခိုင်နှုန်းသည် အိပ်နေချိန်တွင် တဂျိဂျိနဲ့ သွားကြိတ်ကြသလို နိုးနေချိန်တွင်လည်း အပေါ်ယံသာ အသက်ရူကြကြောင်း လေ့လာမှု စစ်တမ်းများကလည်း ဖော်ပြသည်။
ဇက်နာ၊ ပခုံးအောင့်နေတတ်ခြင်း။
          ရင်ဘတ်လောက်နဲ့သာ အသက်ရူနေမိခြင်းကြောင့် ဆိုတာ သတိရလိုက်ပါ။ ရင်ဘတ်ထဲ ရောက်ရုံလောက် အပေါ်ယံလေး အသက်ရူသည့်အခါ လေတွေ အဆုတ်ထဲထိ ရောက်သွားအောင် ဇက်၊ ပခုံးနှင့် ကျောဘက်ရှိ ကြွက်သားများကပါ ၀ိုင်းညှစ်ပြီး အဆုတ်ထဲ ပို့ပေးကြရသည်။
           သို့ဖြစ်ရာ အပေါ်ယံ အသက်ရူသူများ၏ ဇက်၊ ပခုံး၊ ကျောကြွက်သားများသည် မလိုအပ်ဘဲ အလုပ်ပိုလုပ်ကြရပြီး နာကျင်ကိုက်ခဲ လာရတော့သည်။ လေ့ကျင့်ခန်းလည်း အလွန်အကျွံမလုပ်၊ ထိခိုက် ဒဏ်ရာလည်း မရပါဘဲ ထိုနေရာတွေ နာကျင်နေပြီဆိုလျှင် မိမိ အသက်ရူပုံ မမှန်လို့ဆိုတာ သတိရလိုက်ပါ စာဖတ်သူ။
အမြဲလိုလို နုံးချိ ပင်ပန်းနေခြင်း။
          အသက်၀၀ မရူလို့ဆိုတာ သတိရလိုက်ပါ။ အောက်စီဂျင်၊ အစား အစာနှင့် ရေတို့သည် လူအတွက် အဓိက အာဟာရသုံးမျိုး ဖြစ်သည်။ ထိုသုံးမျိုးအနက် တစ်ခုခု လျော့နည်းသည်နှင့် လူသည် နုံးချိ ပင်ပန်း လာတတ်သည်။ အထူးသဖြင့် အသက်ရူမှု ပုံစံမမှန်ဘဲ အောက်စီဂျင် မလုံလောက် သူတို့သည် အမြဲလိုလို နုံးချိပင့်ပန်း နေကြတော့သည်။
             အသက်၀၀ မရူတတ်သူများသည် အဆုတ်၏ (၂၀) ရာခိုင်နှုန်းမျှကိုသာ အသုံးချနေသူများ ဖြစ်သည်။ ရာနှုန်းပြည့်သာ အသုံးချနိုင်မည် ဆိုပါက ကျန်းမာရေး အလွန်ကောင်းသူ တစ်ယောက် ဖြစ်လာလိမ့်မည်။ မကူးစက်တတ်သော ကိုယ်တွင်းရောဂါ  အများအပြားသည် အသက်၀၀ မရူခြင်းနှင့် ဆက်စပ်နေသည်။
          သို့ဖြစ်ရာ အသက်ရူခြင်း ပုံစံမှားယွင်းခြင်းသည် ခန္ဓာစနစ်ကိုပါ ထိခိုက်စေနိုင်စွမ်း ရှိသဖြင့် အသက်ကို ပုံမှန်ရူတတ်အောင်၊ ရူလျှင်လည်း အဆုတ်ထဲ ထိရောက်အောင် နက်နက်ရိုင်းရိုင်း ရူသွင်းတတ်အောင် သတိလေးထားပြီး လေ့ကျင့်ကြရမည်။ အသက်ရူသွင်း ရူထုတ် လေ့ကျင့်ခန်းမျိုး လုပ်ခြင်းသည် အသက်ကို မှန်မှန်နှင့် ၀၀ရူတတ်အောင် မိမိခန္ဓာကိုယ်ကို လေ့ကျင့်ပေးရာ ရောက်သည်။
           အသက်ကို ဖြည်းဖြည်း မှန်မှန်၀၀ ရူတတ်ခြင်းသည် ခန္ဓာကိုယ်ကို လေဓာတ် အပြည့် ဖြည့်ပေးရာ ရောက်ပြီး ကိုယ်စိတ် ကျန်းမာရေး ကောင်းကျိုးပါ ဖြစ်ထွန်းစေသည်။
Ref: Daily Mail