Monday, October 13, 2014

နှိုက်စားမယ်

 ဒီနေ့ရဲ့ ဗီဒီယို အညွှန်းကဏ္ဍ မှာတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားကိုပဲ ညွှန်းပေးလိုက်ပါတယ်။
ညိုလင်းသစ်က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဆင်ပြေစေဖို့သူ့သူငယ်ချင်းတွေ အတင်းခေါ်တာကြောင့် နတ်ကတော် နှစ်ယောက်ဆီကို ရောက်သွားခဲ့ ပါတယ်။ နတ်ကတော်တွေဆီ ရောက်တော့ ညိုလင်းသစ်က သူကြိုက်နေတဲ့ သိမ့်ဆိုတဲ့ ကောင်မ လေးနဲ့ အဆင်ပြေစေဖို့ သိမ့်ရဲ့အစ်ကိုနဲ့ အဆင်ပြေဖို့ အကူအညီတောင်းခဲ့ပါတယ်။
သိမ့်ရဲ့အစ်ကိုကတော့ မိဘတွေက သက်ဦးလို့ နာမည်ပေးခဲ့ပေမယ့် သက်ဦးသခင်လို့ နာမည်ပြောင်းပြီး အလှပြင်ဆိုင်ဖွင့်ထား တဲ့ မိန်းမလျာဖြစ်ပါတယ်။ သခင်ကညိုလင်းသစ်ကိုလုံးဝကြည့်လို့ မရသလိုသူ့ရဲ့ညီမနဲ့လည်း လုံးဝ သဘောမတူပါဘူး။ အဲဒါကြောင့် သခင်က သူ့ညီမသိမ့်ကို အိမ်ထဲ ကအိမ်ပြင်ကိုတောင် သွားဖို့ခွင့် မပြုပါဘူး။
အလှပြင်ဆိုင် ဖွင့်ထားတဲ့ သိမ့်ဆီကို ညိုလင်းသစ်က ခေါင်း လျှော်ဖို့ဆိုပြီး လာခဲ့ပါတယ်။ ဒါပေမဲ့ သခင်က ညိုလင်းသစ် ကို သူ့ဆိုင်ကနေ ထွက်သွားဖို့ ပြောလို့ပြန်ခဲ့ရပေမယ့် ညိုလင်းသစ်ဘက်ကတော့လုံးဝ လက်မ လျှော့ဘဲ သခင်မရှိတဲ့အချိန် အိမ်ကိုသွားတွေ့ခဲ့ပါတယ်။ သခင်မရှိ တဲ့အချိန် အိမ်မှာရှိတဲ့လူတွေကို လာဘ်ထိုးပြီးတွေ့တာ ဖြစ်ပေမယ့် သခင်ပြန်တာနဲ့ တည့်တည့် တိုးခဲ့ပါတယ်။ အဲဒါကြောင့် အဲဒီအချိန်မှာလည်း ပြဿနာထပ် တက်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ညိုလင်းသစ်ဆီကို နယ်မှာနေတဲ့ ညီမဝမ်းကွဲဂျူလီယာ ရောက်လာခဲ့ပါ တယ်။ ဂျူလီယာက ညိုလင်းသစ်ဆီမှာနေပြီး သင်တန်းတွေ တက်ဖို့ရောက်လာတာပါ။ ဂျူလီယာ ရောက်လာလို့ အစပိုင်းမှာ ညို လင်းသစ် စိတ်ညစ်ခဲ့ရပေမယ့် ဂျူလီယာက သိမ့်နဲ့ ညိုလင်းသစ်ရဲ့ ကြားမှာ အကူအညီပေးခဲ့ပါတယ်။ အရင်ဆုံးဂျူလီယာက သိမ့်ရဲ့ အလှပြင်ဆိုင်ကိုသွားပြီး မိတ်ဖွဲ့ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သခင်နဲ့ တည့်တည့်တိုး ခဲ့ပါတယ်။ဒါပေမဲ့ ဂျူလီယာက သခင့်ကိုသည်းခံပြီး အဆင်ပြေအောင် ပေါင်းခဲ့ပါတယ်။ ဂျူလီယာကညိုလင်းသစ်ရဲ့ ညီမဝမ်းကွဲ ဆိုတာကို သခင်ရဲ့ သူငယ်ချင်း မိန်းမလျာ ပြောပြတာကြောင့် သခင်သိခဲ့ရပါတယ်။
ဒါပေမဲ့လည်း သခင်ကအဲဒီအကြောင်းကို မသိချင် ယောင်ဆောင်နေခဲ့ပါတယ်။ သခင်နဲ့ ဂျူလီယာ၊ ညိုလင်းသစ်နဲ့ သိမ့်တို့ရဲ့ ဇာတ်လမ်းဘာတွေဆက်ဖြစ် မယ်ဆိုတာကိုတော့ အောင်တိုင်း ကျော်ဗီဒီယိုထုတ်လုပ်ရေးကနေ အောက်တိုဘာ ၁၈ ရက်မှာ စတင်ဖြန့်ချိပေးမယ့် နှိုက်စားမယ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ညိုလင်းသစ်အဖြစ် အောင်ရဲလင်း၊ သက်ဦး သခင်အဖြစ် ရဲအောင်၊ သိမ့်အဖြစ် သင်ဇာဝင့်ကျော်၊  ဂျူလီယာ အဖြစ် ယွန်းရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂေါ်စိန်ရဲ့ ဇာတ်လမ်းကို ကိုကျော် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ရိုက်ကူးပေးထားပါတယ်။

0 comments:

Post a Comment