Tuesday, August 5, 2014

အမေရိကန်မှ အယ်ဘိုလာ ကျွမ်းကျင်သူ (၅၀) ကို အာဖရိကသို့ စေလွှတ်မည်

အနောက်အာဖရိကတွင် အယ်ဘိုလာဗိုင်းရပ်စ် ပျံ့ ပွားမှု ထိန်းမရသော အနေအထား ရောက်နေခြင်းကို ကူညီနိုင်ရန် အမေရိကန်မှ အများ ပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် (၅၀) ကို အာဖရိသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာသည်။
အယ်ဘိုလာသည် ထိန်းချုပ် မရသော အနေအထားသို့ ရောက်နေသည့်တိုင် စနစ်တကျ ဆောင်ရွက်ပါက ကျိန်းသေပေါက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အမေရိကန် ကျွမ်းကျင်သူများက ဆိုသည်။ ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆီရီရာလီယွန် တို့တွင် အယ်ဘိုလာ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မတ်လ မှစတင်ကာ ယခုထိ လူပေါင်း (၇၂၈) ဦး သေဆုံးခဲ့ပြီဖြစ် သည်။
လိုင်ဘေးရီးယားတွင် အယ်ဘိုလာဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အမေရိကန်ဆရာဝန် ကန့်ဘရန်တလီသည် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အမေရိကန်နိုင်ငံအတ္တလ္တာမြို့ အီမိုရီတက္ကသိုလ် ဆေးရုံသို့ပြန် သယ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရာ အခြေ အနေ တိုးတက်မှုရှိကြောင်း သိရသည်။
အယ်ဘိုလာ ဝေဒနာရှင်ထံမှ ထွက်သော သွေးနှင့် ခန္ဓာကိုယ်အရည်များကို ထိမိရုံဖြင့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်။ ဗိုင်းရပ်စ် ကူးစက်ခံရပါက အဖျားကြီးခြင်း၊ ကြွက်သားများ နာကျဉ်ခြင်းများ ဖြစ်ပွားသည်။ မျက်လုံးနှင့် သွားဖုံးများမှ သွေးများ ထွက်တတ်သလို၊ ခန္ဓာကိုယ်တွင်းလည်း သွေးများ ထွက်ကာ ကိုယ်တွင်း ကလီစာများ အလုပ်လုပ်မှု ရပ်ဆိုင်းကာ သေဆုံးတတ်သည်။ အယ်ဘိုလာ ပျံ့ ပွားမှု ထိန်းချုပ်ရေးက ရှင်းရှင်းလေးပါ။ အယ်ဘိုလာ ဝေဒနာရှင်ကိုရှာ၊ တစ်ခြားသူတွေဆီ မကူးအောင် သီးသန့် ခွဲထားပြီး ကုသပေး၊ ဝေဒနာရှင်နဲ့ ထိတွေ့မိသူတွေကို လိုက်ရှာပြီး သီးသန့်ခွဲထား၊ အယ်ဘိုလာ မကူးအောင် နေထိုင်ပုံတွေကို လူတွေသိအောင် ပညာပေး၊ ဆေးရုံ တွေမှာလည်း ကူးစက်မှု မရှိအောင် ထိန်းချုပ်၊ အဓိကက စည်းကမ်းတွေ ကို ပြည်သူတစ်ရပ်လုံးက လိုက်နာကြဖို့ပဲ ဟု အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ကြီး (CDC) ၏ ညွှန်ကြားရေးမှူး ဒေါက်တာသောမတ် ဖရိုင်ဒန် က အေဘီစီသတင်းဌာနနှင့် တွေ့ဆုံမှု၌ ပြောကြား သည်။

Source: BBC

0 comments:

Post a Comment