အာဖရိကနိုင်ငံများတွင်
ပျံ့နှံ့နေသော ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ပိုးရှိ မရှိကို
လေဆိပ်မှဝင်လာသော ခရီးသွားများကို စစ်ဆေးရာတွင် အခက်အခဲတချို့ရှိနေသည်ဟု
ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ
စိုးလွင်ငြိမ်းက မဇ္ဈိမကို ပြောသည်။
“ဗိုင်းရပ်စ်ပိုးက အာဖရိက,က စလာတာဆိုတော့ အာဖရိကကို သွားတဲ့ ခရီးသွားတွေကို အဓိက စစ်ဖို့ လိုတယ်။ မြန်မာနိုင်ငံကို အာဖရိကက လာမယ်ဆိုရင်လည်း ခရီးသွားတွေအတွက် transit က လာတာများတော့ စစ်ရတဲ့အခါ အခက်အခဲနည်းနည်းရှိတယ်။ ဘာလို့လဲဆိုတော့ အာဖရိက ကလာတဲ့ ခရီးသွားရဲ့သမိုင်းကြောင်းကို သေချာမသိတော့ အကယ်၍ ရောဂါ ပါလာမယ်ဆိုရင်တောင် ကြန့်ကြာနိုင်တာပေါ့။ ကျန်တာတော့ အခက်အခဲမရှိပါဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်
မြန်မာနိုင်ငံသို့ ပြည်ပမှ ၀င်ရောက်မည့် ခရီးသည်အားလုံးကို လေဆိပ်များတွင်
စစ်ဆေးလျက်ရှိပြီး ယနေ့အချိန်ထိ သံသယရှိသူ တစ်ယောက်မျှ မတွေ့ရှိသေးကြောင်း
၎င်းက ဆိုသည်။
“စစ်ဆေးတဲ့နေရာမှာ ဗိုင်းရပ်စ်ရဲ့ အဓိကလက္ခဏာဖြစ်တဲ့ အဖျားကြီးတာကို ရှိမရှိ အဓိက စစ်ဆေးတယ်။ ကိုယ်ခန္ဓာအပူချိန်ကို စောင့်ကြည့်စစ်ဆေးတဲ့ သဘောပေါ့” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အနောက်အာဖရိက လေးနိုင်ငံ(Guinea, Liberia, Nigeria နှင့် Sierra Leone) တွင် အီဘိုလာဗိုင်းရပ်စ် အကြီးကျယ်ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံတွင်လည်း စစ်ဆေးနေသကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) တို့ကလည်း အလေးထားစောင့်ကြည့်နေကြသည်။
“အီဘိုလာဗိုင်းရပ်စ်မှ မဟုတ်ဘူး။ ကူးစက်မြန်တဲ့ ဘယ်ရောဂါကိုမဆို ၂၀၀၉ ခုနှစ်ကတည်းက အမြဲတမ်း လေဆိပ်အ၀င်တွေမှာ စောင့်ကြည့်ခဲ့တာပါ။ ဘယ်တော့မှလည်း ရပ်သွားဖို့ မရှိပါဘူး။ အခုလည်း WHO က ညွှန်ကြားထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ အကယ်၍ သံသယရှိသူ တစ်စုံတစ်ရာ တွေ့မယ်ဆိုရင်လည်း သူ့ရဲ့သမိုင်းကြောင်းကို မေးပြီး သတ်မှတ်ထားတဲ့ ဆေးရုံကို ပို့ဆောင်သွားမှာပါ”ဟု ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လည်ပင်းနာခြင်းတို့ကို ရုတ်ခြည်း ခံစားရမည်ဖြစ်ပြီး အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ကျောက်ကပ်နှင့် အသည်းချို့ယွင်းခြင်း၊ အချို့လူနာများတွင် ခန္ဓာကိုယ်တွင်းနှင့် ခန္ဓာကိုယ်ပြင်ပသို့ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ပြသဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာပြီး အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြမီ အခြားသူ တစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။
အာဖရိကတွင်၂၀၁၄ မတ်လမှစ၍ လက်ရှိ လေးလတာကာလအတွင်း ရောဂါကူးစက်သူ ၁,၃၀၀ ကျော်နှင့် သေဆုံးသူ ၇၂၉ ဦး ရှိနေပြီဟု နိုင်ငံတကာ သတင်းဌာနများက ဖော်ပြထားသည်။
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သြဂုတ် လ ၄ ရက်၊ ညနေ ငါးနာရီခွဲခန့်က ပြန်လည်ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက လေဆိပ်တွင် ရောဂါပိုးနှင့် ပတ်သက်သည့် မည်သည့် စစ်ဆေးမှုကိုမှ ပြုလုပ်ခြင်း မခံရကြောင်း ပြောသည်။

0 comments:
Post a Comment