Tuesday, August 5, 2014

တရုတ် ယူနန်ငလျင် သေဆုံးသူဦးရေ ၃၈၀ ကျော်အထိ ရောက်ရှိ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်တွင် သြဂုတ်လ ၃ ရက်နေ့က အင်အား ၆ ဒသမ ၁ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ နောက်ဆက်တွဲ မြေပြိုမှုများ ဖြစ်ပွားသဖြင့် သေဆုံးသူဦးရေ ၃၈၁ ဦးအထိ ရောက်ရှိသွားကာ ဒဏ်ရာရသူ ၁၈၀၀ ဦးကျော် ရှိမည်ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေး လုပ်သားများနှင့် ထိခိုက်မှုက အင်အား မမျှတသဖြင့် စစ်သား ၂၅၀၀ ကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစိုးရက စေလွှတ် အားဖြည့်ထားသေးသည်။
တောင်ပေါ်ဒေသတွင် လှုပ်ခတ်သော ငလျင်ဖြစ်ပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ အဆိုပါ ဒေသအတွင်း ၁၄ နှစ်တာ ကာလအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်သားများကို အဆိုပါဒေသသို့ စေလွှတ်လိုက်ပြီး အသက်ရှင် ကျန်ရစ်သူများကို အားကုန်ထုတ်ပြီး ရှာဖွေကြရန် ပြောကြားခဲ့သေးသည်။
လက်ရှိအချိန်တွင် ကယ်ဆယ်ရေး လုပ်သား ၄၀၀၊ ရဲနှင့် မီးသတ်စုစုပေါင်း ၃၀၀ တို့က အရေးပေါ် အကူအညီပေးရေးများ လုပ်ဆောင်နေပြီး စစ်အင်အား ၂၅၀၀ က ၎င်းတို့ကို အားဖြည့်မည် ဖြစ်သည်။
ဝန်ကြီးချုပ် လီကွတ်ချောင်က အခင်းဖြစ်ရာ ယူနန်ပြည်နယ်ကို သွားရောက်နေပြီ ဖြစ်ကြောင်း Xinhua သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
အိမ်ခြေပေါင်း တစ်သောင်းနှစ်ထောင် ပျက်စီးသွားခဲ့ပြီး အိမ်သုံးသောင်းခန့်က ထိခိုက်မှုများ ဖြစ်သွားခဲ့သည်ဟု အဆိုပါ သတင်းက ဖော်ပြထားသည်။
အရေးပေါ် ယာယီတဲများ၊ ယာယီအိပ်ရာများ၊ ခြုံထည်များနှင့် အနွေးထည်များ သဘာဝဘေးဒဏ်သင့် ဧရိယာကို ပို့ဆောင်ထားပေးသည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
သို့သော် အရေးပေါ် ကူညီထောက်ပံ့ရေး ပစ္စည်းများ လိုအပ်နေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်ဟု BBC သတင်းဌာနမှ ဘေဂျင်းအခြေစိုက် သတင်းထောက် စီလီယာ ဟတ်တန်က ဆိုသည်။
မရပ်မနား ရွာသွန်းလျက်ရှိသော မိုးနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနေမှုကြောင့် လမ်းများ အလွန်ပျက်စီးသွားခဲ့ရကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားထားသည်။

0 comments:

Post a Comment