Thursday, July 31, 2014

(၂)နှစ်အတွင်း SM Entertainment၏ ပထမဆုံး K-Pop အဖွဲ့သစ်ကို မိတ်ဆက်

တောင်ကိုရီးယား နာမည်ကျော် ဖျော်ဖြေရေး ကုမ္ပဏီကြီး SM Entertainment သည် (၂)နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် K-Pop ဂီတအဖွဲ့သစ် တစ်ခုကို မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်(၂၈)ရက်တွင် Red Velvet အမည်ရှိ အမျိုးသမီး ဂီတအဖွဲ့သစ်ကို SM Entertainment က မိတ်ဆက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

(၂၀၁၂)ခုနှစ် အတွင်းက EXO အမျိုးသား ဂီတအဖွဲ့ကို အတည်ပြု ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း Red Velvet သည် SM Entertaiment က ပထမဆုံး ပွဲထုတ်လာသည့် နောက်ထပ် ဂီတအဖွဲ့သစ် ဖြစ်သည်။ အမျိုးသမီး ဂီတအဖွဲ့ တစ်ခုအနေဖြင့်မူ (၂၀၀၉)ခုနှစ်က ဖွဲ့စည်းခဲ့သည့် f(x)နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် SM Entertaiment က Red Velvet ကို စင်တင်ခဲ့ခြင်း ဖြစ်သည်။

Red Velvet တွင် ဆီယူလ်ဂျီ၊ အီရီနာ၊ ဝမ်ဒီနှင့် ဂျွိုင်းတို့ အဖွဲ့ဝင် (၄)ဦး ပါဝင်ကြောင်း သိရသည်။ “Red Velvetဟာ Velvet(ကတ္တီပါစ)လိုပဲ နူးညံ့သိမ်မွေ့ခြင်းနဲ့ အမျိုးသမီးဆန်ခြင်းတို့ကို ဖွဲ့ဆိုပါလိမ့်မယ်။ ပြီးတော့ အနီရောင်က စူးစိုက်ပြင်းပြတဲ့ စိတ်ခံစားချက်ကို ကိုယ်စားပြုပါတယ်။ Red Velvet ဟာ သူတို့ရဲ့ ထူးခြားကောင်းမွန်တဲ့ ဂီတအရည်အသွေးတွေ၊ တောက်ပြောင်တဲ့ ဖျော်ဖြေမှုတွေနဲ့ ကမ္ဘာကြီးရဲ့ အထင်ကြီးမှုကို ခံယူပါလိမ့်မယ်”ဟု SM Entertainment မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Red Velvet ပထမဆုံး သီချင်းသစ် Happiness ကို အွန်လိုင်းမှတစ်ဆင့် စတင်ဖြန့်ချိမည် ဖြစ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုများကို ဩဂုတ်(၄)ရက်တွင် စတင်သွားမည်ဟု သိရသည်။ SM Entertainmentသည် Super Junior၊ Girls’ Generation တို့ကဲ့သို့ K-Pop ဂီတရပ်ဝန်းတွင် အထင်ရှားဆုံး ဂီတအဖွဲ့များကို စီမံကိုင်တွယ်နေသော ကုမ္ပဏီလည်း ဖြစ်သည်။
Photo: (၂)နှစ်အတွင်း SM Entertainment၏ ပထမဆုံး K-Pop အဖွဲ့သစ်ကို မိတ်ဆက်

0 comments:

Post a Comment